မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရှိ ဆေးပညာဌာနသည် ၁၉၅၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ Veterinary Education Establishment အဖွဲ့ နှင့် အတူ စတင်ဖွဲ့စည်းခဲ့သည်။ လွန်ခဲ့သော ၆၃ နှစ်တာ ကာလအတွင်း ဌာနမှူးများစွာ လက်ဆင့်ကမ်း တာဝန်ယူခဲ့ပြီး ကျွန်ုပ်အနေဖြင့်လည်း ဆေးပညာဌာန၏ တိုးတက်ရေး၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင် ကျွန်ုပ်၏အစွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားပါမည်။

ဘွဲ့ကြို ကျောင်းသား/သူများနှင့် ဘွဲ့လွန်ကျောင်းသား/သူများအား ဆေးခန်းဆိုင်ရာ ဆေးပညာ၊ ရောဂါကာကွယ်ခြင်းဆိုင်ရာဆေးပညာနှင့် တိရစ္ဆာန်ကျန်းမာရေးပညာ ဘာသာရပ် များကို ဆေးပညာဌာနမှ တာဝန်ယူသင်ကြားပေးလျက်ရှိပါသည်။ တိရစ္ဆာန်ဆေးပညာများကို သင်ကြားရာတွင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့အစည်း (OIE) ၏ လမ်းညွန်ချက်များအတိုင်း သင်ကြားလျက်ရှိပြီး နောက်ဆုံးထွက်ရှိထားသော စာတမ်းများနှင့် အကိုးအကားစာအုပ်များကို အသုံးပြု၍ ခေတ်နှင့်အညီ ပြောင်းလဲ သင်ကြားလျက်ရှိပါသည်။ တိရစ္ဆာန်ဆေးပညာနှင့် ပတ်သက်သည့် သုတေသန နယ်ပယ်ရှိ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဆေးပညာဌာနရှိ ဆရာ၊ ဆရာမများနှင့် ဘွဲ့လွန်ကျောင်းသား/သူများမှ တာဝန်ယူဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ မွေးမြူရေးအခန်းကဏ္ဍတွင် ဖြစ်ပွားလျက် ရှိသော ပြဿနာများနှင့် ပတ်သက်၍ ဆေးပညာဌာနမှ တက္ကသိုလ်နှင့် လက်တွေ့လုပ်ငန်းခွင် ပူးပေါင်း သုတေသနများပြုလုပ်ခြင်းအားဖြင့် ပါဝင်ဖြေရှင်းသွားမည် ဖြစ်ပါသည်။